ဥက္ကဌအဖြစ်ဖြင့် ဆောင်ရွက်သော ဦးချစ်လှိုင်၏ မိန့်ခွန်းစကားတွင် ဆရာတော်ဦးဥတ္တမ၏ ဂုဏ်ကျေးဇူးကို
အောက်ပါအတိုင်းမြွတ်ဆိုခဲ့သည်။
“ယခု ကျွန်ုပ်တို့အလယ်သို့ အရှင်ဦးဥတ္တမကိုယ်တော်ကြီး ကိုယ်တိုင်ကြွရောက်ရပ်တော်မူလျှင် ရှိခဲ့လေပြီး။
ထိုအရှင်သည် အတ္တဟိတ တည်းဟူသော ကိုယ်ကျိုးစီးပွားကို တံထွေးပေါက်ကဲ့သို့
မှတ်ထင်စွန့်ပစ်တော်မူပြီးမှ မရိဟိတတည်းဟူသော ပြည်သူအမျိုးသားအရေးကိုတွေး၍ စိမ့်စိမ့်ခြိ့်ခြိမ့်
လှုံ့ဆော် ဆောင်ရွက်မူခြင်းကြောင့် မွန်မြန်မာအမျိုးသားတို့၏ စိတ်နေအာသီသသည်ကား ရှေးကနှင့်မတူ
အမူပြောင်းရွှေ့ ရှေ့ရေးတွင်သာ ပဒုမ္မာကြာလွှာဝတ်မှုံတို့သည် နေအာရုဏ်တန်ခိုးဖြင့် ပွင့်ဖြို့သန်စွမ်း
လန်းလန်းစွင့်စွင့်ရှိသည့် အမူအရာ ဆင့်ကာဆင့်ကာ သာ၍ပင် လျင်လျင် ကွန့်မြူးခြင်းရှိလေသည်။
ထိုအရှင်ဦးဥတ္တမ၏ ထောင်ဒါဏ်အကျဉ်းခံခြင်းတည်ဟူသော ဒုက္ခစရိယာကြောင့်
အမျိုးသားကြီးပွားချမ်းသာရေးလုပ်ငန်းသည် လျှမ်းသည်ထက်လျှမ်း ကျန်းကျန်းခိုင်မာလျက် ဆောလျင်မကြာ
အောင်ရမည့်အခြေဟု သူသူငါငါတို့က အားကျမခံစိတ်မာန်တတ်ကြွရှိလာကြလေပြီ။”
ဆရာတော်သည် ဤသို့လျှင်တတိုင်းပြည်လုံး၏ ဥက္ကဌနာယက တို့က လေးစားသမှု ဂရုပြုအားကိုးခြင်း
ခံခဲ့ကြရလေသည်။
ဂျူပလီဟော၌ ပြောခဲ့ပြီးနောက် ဆရာတော်ဦးဥတ္တမသည် မန္တလေးမြို့မှပင့်ဆောင်၍ ကြွတော်မူသည်။
ဝါခေါင်လဆန်း ၅ -ရက်နေ့ မန္တလေးမြို့အိမ်တော်ရာ ဘုရားတွင်း ၉ ခန်းဇရပ်တွင် အိန္ဒိယ ကွန်ဂရက်အသင်း၊
မူဆလင် ခီလာဖက်အသင်း၊ တရုတ်ဗုဒ္ဓဘာသာအသင်းနှင့် ရဟန်းပရိသတ်။
လူပရိသတ်တို့က
သြဘာစာဖတ်ကြားခြင်းကို ခံယူပြီးလျင် ပြန်လည်ပြောကြားသော မိန့်ခွန်းစကားမှ ထုတ်နုတ်ချက်မှာ
အောက်ပါအတိုင်းဖြစ်၏။
“ရဟန်းတော်အရှင်မြတ်များနှင့် ဒါယကာ၊ ဒါယကာမအပေါင်းတို့၊ ဆရာတော်သည်မန္တလေးမြို့သို့
ဝါခေါင်လဆန်း ၁-ရက်နေ့တွင် ရောက်လာစဉ်က မြို့ကြီးသူမြို့ကြီးသားနှင့် သာကီနွယ်ဝင်အရှင်ရဟုန်းတို့ပါ
မကြုံစဖူးအထူးတလည် ခရီဦးကြိုဆိုကြသည်ကို ပြန်၍ဆပ်ရန် မကုန်နိုင်လောက်အောင်
ကျေးဇူးကြီးလှပါသည်။”
“ရန်ကုန်မြို့ကထွက်လာစဉ်က ဤကဲ့သို့ ပြိုင်ဘက်မရှိလောက်သော သဒ္ဒါတရားမျိုးဖြင့် သမိမြန်မာပြည်ကြီး၏
ရှေ့ဟောင်းရာဇဌာနေမင်းနေပြည်တော်မှ မရေတွက်နိုင်သော ပြည်သူတို့သည်
စရိတ်ကြေးငွေအမြောက်အမြား အကုန်အကျခံလျှင် ယခုလောက် ဒုက္ခများစွာ ရောက်ရမည်ကို စိတ်ကူးမျှ
မထည့်မိပါကြောင်း။”
“ယခုကြွရောက်လာသော မင်းပရိသတ်တို့တွင် မင်းဆွေးမျိုးရိုးလူမျိုးဆက်နွယ်ဟောင်းတို့၏ သားမြေးများ
ပါဝင်ကြလိမ့်မည်ဖြစ်ပါကြောင်း။
ဦးပဉ္ဖင်းသည်လည်း ရန်ကန်မြို့အနီး ကမာရွတ်၌ ထင်ရှားကျော်ဇောသော စစ်သူကြီး ၃-ဦးတို့၏
ခံတပ်တည်ရာ တပ်ကုန်းဟူသော အမည်ဟောင်းနေရာတွင် တည်ဆောက်ထားသော ကျောင်းတွင်းမှ
လာရောက်ရပါသည်။
၎င်းခံတပ်ဟောင်းနေရာတွင် ခံတပ်ရင်တား အဟောင်းအမြင်းတို့၏ အစအနများ
ဘာမျှမရှိတော့ဘဲ ရဟန်းကျောင်းသာ ရှိနေပါ၍ ထိုသူရသတ္တိနှင့် ပြည့်စုံသော စစ်သူကြီးဟောင်းတို့၏
တည်ရာဌာနတို့နှင့် သူရဲကောင်း သတ္တိကောင်းတို့သည်လည်း ၎င်းခံတပ်တို့နှင့်အတူ မြန်မာလူမျိုးတို့၏
စိတ်တွင်ကင်းရှင်းပျောက်ကွယ်သွားပါကြောင်း။”
“ယနေ့တွင် မြန်မာတို့အား မိမိအရေးအရာတို့ကို ကိုယ်တိုင် စီမံခန့်ခွဲရန် မသင့်လျော်သေးသော လူမျိုးညံ့ဟု
အမှတ်ပြုထားပါသဖြင့် အမျိုးပျက်ပြီးလာသော မြို့သူမြို့သားတို့သည် ရှိုက်ကြီးတငင် ငိုယိုရန်သာ
ရှိတော့ပါကြောင်း။
ထိုသို့ ငိုယိုသံကို မိမိတို့နားများမှ မပြတ်ပင်ကြားရဖန်များ၍ မိမိကိုယ်တိုင်ပင်
စွပ်စွဲကြသည့်အတိုင်း မသင့်မြတ်သော လူမျိုးညံ့ပင် ဖြစ်တန်ရာသည်ဟု ထင်မှတ်စ ပြုလာကြပါကြောင်း။
လောကဓာတ်ပညာတွင် စိတ်ညို့သော အတတ်တစ်ခုရှိသည်ဟု ကြားဖူးပါသည်။
၎င်းစိတ်ညို့သော
အတတ်ဖြင့် လိုရာကို အကြိမ်းပေါင်းများစွာ ကြားနာနေရသောအခါ မိမိတို့ အတိတ်အရေးကို
မေ့လျော့လျှောက်သွားပါကြောင်း။ မြန်မာလူမျိုးတို့အားမသင့်လျော် မလျောက်ပတ်သေးဟု အခေါ်ခံရပြီး
ပညာဗဟုသုတမရှိဟု ဆိုကြလေပြီ။
ဘုန်းတော်ကြီးများသြဇာကိုသာ အရာရာမှာခံယူသည်ဟု
ကဲ့ရဲ့ကြလေပြီး။
ရိုင်းစိုင်းသည်ဟု ပြောကြားကြလေပြီ။ စိတ်ညှို့သော ပညာမျိုးဖြင့် ၎င်းတို့ဆိုသမျှသည်
အမှန်သာဖြစ်သည်ဟု ထင်မှတ်စပြုလာကြပါကြောင်း။”
“ထပ်မံ၍ပြောရန်မှာ မြန်မာလူမျိုးဖြစ်နေကြောင်းကို မေ့လျော့စေ၍ ဘယ်အခါမှ တဖန်ပြန်မရနိုင်သော
ဘိုးဘွားမိဘတို့ ခံစားခဲ့ကြသော စည်းစိမ်ချမ်းသာနှင့် ကြွဝယ်ပေါများခြင်းတို့ကို မမှန်းဆတတ်ကြလေပြီ။
ဘိုးဘွား မိဘတို့ ပိုင်ဆိုင်ခံစားခဲ့ကြသော မြင့်မြတ်ကြီးမားသော လောကီ လောကုတ္တရာ အတတ်ပညာတို့ကို
သင်ကြားနိုင်စွမ်းသည် ဟူသမျှတို့ကိုလည်း ဆုံးရှုံးကြရာလေပြီး ဖြစ်ပါကြောင်း။”
No comments:
Post a Comment