Sunday 24 July 2011

မြန်မာ့ဦးစီးခေါင်းဆောင်များ

 “စာသင်ကျောင်းတို့၌၎င်း၊ အင်္ဂလိပ်တို့ရေးသားသော သတင်းစာတို့၌၎င်း၊ ကျွန်စိတ်ရောက်နေသော 
 မြန်မာသတင်းစာတို့၌ မြန်မာဘုရင်တို့ အား ရိုင်းစိုင်းရက်စက်သည်ဟု ပြောဆိုကြသည်တို့ကို 
နေ့စဉ်ပင်ကြားရစေကာမူ ကြမ်းကြုတ်ရက်စက်ကြောင်း စံနမူနာအနည်းငယ်ရှိမည် ဖြစ်သော်လည်း 
မုချသိကြရသည်မှာ အများဆုံးသော မြန်မာမင်ဧကရာဇ်တို့သည် ပုထုစဉ်ဖြစ်ကြသည့်အတိုင်း 
မှားယွင်းပါသော်လည်း မြန်မာလူမျိုးရင်းမှ ပေါက်ဖွားလျှက် မြန်မာတို့အလယ်တွင် ကြီးပြင်းရ၍ 
မည်မျှလောက်မှားယွင်းချွတ်ချော်စေကာမူ မြန်မာမျိုးရိုး ဇာတိဖြစ်ပြီးလျှင် မြန်မာတို့အကြောင်းကို 
ကောင်းစွာ သိကျွမ်းနားလည်ကြပါကြောင်း ထိုဘုရင်တို့ လက်အောက်တွင် မြန်မာလူမျိုးတို့သည် 
ကြီးမားသော ဦးစီးခေါင်းဆောင်တို့ဖြစ်ပါသည်။ မြန်မာလူမျိုးတို့အား မာန်တတ်ကြွစေလျက် 
အကြံအဥာဏ်ကောင်းစေသည်။

ထိုမင်းတို့လက်အောက်တွင် မြန်မာလူမျိုးတို့သည် မှူးကြီးမတ်ရာ သေနာပတိဖြစ်ကြပါသည်။ 

မြန်မာတို့သည် စစ်ဘုရင်စစ်သူကြီးများ ဖြစ်ကြပါသည်။ 

အထွဋ်အထိပ်ဆုံးမှာ မြန်မာတို့သည် တထီးတနန်းစံ လုံးဝလွတ်လပ်ခြင်းအင်ဒီပင်းဒင့်ကို ရကြပါသည်။ 

မြန်မာတို့မှာ မိမိတို့ပိုင် စွမ်းရည်သတ္တိ ရှိကြသည့်အတိုင်း မြန်မာဘုရင်တို့လက်အောက်တွင် မြန်မာတို့သည် ယခုနေရသည်ထက်သာ၍ လူချင်းတူသောအဖြစ်ကို ရကြပါကြောင်း။ 

ယနေ့မြန်မာတို့ ဖြစ်ပျက်ရပုံကား လူမျိုးကွဲဗြူရိုကရက်တို့ လက်အောက်တွင် အလုံးစုံ ကျွန်ဖြစ်လျက်နေပါ၍ 
မြန်မာတို့သည် လူမျိုးဖြစ်ရသော စွမ်းရည်သတ္တိမှ ကွယ်ပျောက်နေသောကြောင့် စစ်သူကြီးများ 
ဖြစ်လာနိုင်ရန် မထင်မြင်နိုင်လေတော့ပြီ။ 

မြန်မာတို့၏ ရာဇဌါနေ မင်းနေပြည်တော်ဖြစ်သော ရွှေမြို့တော်ကြီးပင်လျှင် ယခုအခါ တံလျှပ်သဘွယ် မြို့မမယ်ကလေး ဖြစ်၍နေပေသည်။

“လွန်လေပြီးသော ရှေ့ဟောင်းနောက်ဖြစ်တို့ကို အသစ်ပြန်၍ မတွေးတောလိုဘဲ ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော်မူသော ကံကြမ္မာတို့၏ အကြောင်းကို ယုံကြည်ကြသည့်အတိုင်း လူမျိုးတမျိုးမှာလည်း ထိခိုက်ပါလိမ့်မည်။

ဝမ်းနည်းဖွယ်အတတ်အရေးကို မေ့ပျောက်စေကြပြီးလျှင် အနာဂါတ်အရေးနှင့် သားစဉ် မြေးတက်တို့ကို ချီးမြှင့်ထောက်ပံ့ကြရန် သားချင်း ရင်းချာကဲ့သို့ မြန်မာတို့ စည်းလုံးပေါင်းသင်းကြရပါမည်။

အုပ်စိုးသူ အင်္ဂလိပ်တို့အားလည်း ညီသားအစ်ကိုကဲ့သို့ ထင်မှတ်ကြပြီးလျှင် ၎င်းတို့၏ ပူးပေါင်းဆက်ဆံခြင်းနှင့် သနားခြင်းတို့ကို မရနိုင်စေကာမူ မြန်မာတို့မှာ ကျွန်စိတ်ရောက်နေခဲ့မိ၍ ၎င်းတို့ရရှိနေသော လျစ်လျူမလေးစား မထီမဲ့မြင်ပြုခြင်း တို့ကိုမူ ချိုးဖဲ့ဖျက်ဆီးရတော့မည် ဖြစ်ပါကြောင်း။

“တလောကလုံးမှ အင်္ဂလိပ်လူမျိုးတို့သည် အတိတ်ကာလတို့၌ လွတ်လပ်ရေးကို လိုလားသည်ဟု 
ဝင့်ဝါခဲ့ကြသည်။ အင်္ဂလန်နိုင်ငံသည် ထကြွသောင်းကျန်းသော လူမျိုးကွဲအားလုံး၏ မှီခိုရာဒေသဖြစ်ခဲ့ပါ၍ 
လောလောဆယ်ဆယ်မှာ လက်ရနိုင်ငံကိုလိုလားသော လှိုင်းတံပိုးတို့က အင်္ဂလန်၏ ဂုတ်သွေးကိုပင် 
ပြန်လှန်စုတ်သောက်၍ နေလေရကား မြန်မာတို့က မရပ်မနားအေးချမ်းစွာ မိမိတို့ပိုင်ဆိုင်သည်တို့ကို 
ပြန်၍ရနိုင်ရန် အားထုတ်ခြင်း အားဖြင့် အင်္ဂလန်၏ ရှေ့စိတ်ထားဟောင်း ပြန်၍ပေါ်လာရန် ပြုစုကြပါလျှင် 
၎င်းတို့နှစ်သက်လာသော လွတ်လပ်ရေးနှင့် မေတ္တာသည် မုချပေါ်ထွက်လာရမည် မှန်ပါကြောင်း။ 

မြန်မာပြည်၏ကံကြမ္မာအတွက် ပူဆွေး ဝမ်းနည်းမိပါသော်လည်း ဘုရား၏သားတော်ရဟန်ဖြစ်သည့်အတိုင်း 
အတိတ်မှဖြစ်ခဲ့သည်တို့ကို ပြင်ဆင်ရန်နှင့် တခါတည်းဖျောက်ဖျက်ရန်ရှိသည်ဟု ယုံကြည်မိပါ၍ 
အတိတ်ကအကြောင်းတို့ကို အပြစ်မတင်လိုဘဲ လက်ရှိပစ္စုပန် အခြေအနေကိုပင် အလုံးစုံလိုက်စားလျက် 
ဝမ်းမြောက်ပြီးလျှင် မြတ်စွာဘုရား၏ စိတ်တော်မျိုးကို အာရုံပြုကာ သာ၍မြင့်မြတ်သောဘဝကို ရကြရန် 
ဂုဏ်အသရေမနိမ့်ကျသော အခြေအနေကိုရကြရန် မှန်ကန်ရာကိုသာ မြင်တတ်၍ 
စိတ်ဆန္ဒထက်သန်ပြီးလျှင် နောက်ဆုံး၌ လိုရာကိုရကြရန် ဘုရားမြတ်စွာ၏ သြဝါဒကို လိုက်နာကြပါမူ 
လိုရာဆိပ်ကမ်းသို့ မနှောင်းနှေးရဘဲ လျင်မြတ်စွာဆိုက်ရောက်နိုင်ပြီးလျှင် ဟုမ္မရှူးကို မကြားမီအတွင်း 
အောင်မြင်နိုင်ပါကြောင်း။

ဦးပဉ္ဖင်းကို ချီးကျူးကြသည့်အတွက် ကျေးဇူးတင်ပါ၏။ 

ဦးပဉ္ဖင်းဆောင်ရွက်သည်ကို နှစ်သက်ကြသည်ကား ဦးပဉ္ဖင်းတွင် တစုံတရာ အဖိုးတန်ရှိ၍မဟုတ်ပါ။ 

မြန်မာတို့က စုံမက်လလျှက်ရှိသည်ကို သိပါကြောင်း။ 

မြန်မာတို့နိုးကြားခြင်းသည် လောကကြီး၏ ပယောဂအခြေသာလျှင် အကြောင်းရင်ခံ၍ ထိုသို့နိုးကြားရာမှ 
ဦးပဉ္ဖင်းက တနည်းအဖုံ နိုးဆော်ရာ ကျရောက်နေပါလျှင် ဦးပဉ္ဖင်းမှာ ကျေနပ်ပြီးဖြစ်ကြောင်း။ 

အို ပရိသတ်အပေါင်းတို့ အမိမြန်မာပြည်သည် အမျိုးသားတို့၏ အားထုတ်ခြင်းကို စောင့်ဆိုင်းလျက်နှင့် 
ကာယကံမြောက်မပြုစုကြပါ၍ ဖျော့တော့နေရှာပါသည်။ 

တချို့သောမန္တလေးသဟာယတို့က ဦးပဉ္ဖင်းကို ပြောကြသည်မှာ အနန္တ တန်ခိုးနှင့်ပြည့်စုံသော 
ဗြူရိုကရက်တို့ကို မည်ကဲ့သို့ စစ်ခုခံမည်နည်း။

၎င်းတို့၏သြဇာကို စည်းကမ်း သတ်မှတ်ပေးမည်သို့ဖြေရှင်းမည်နည်းဟူ၍၎င်း၊ ဗြူရိုကရက်တို့၏ ဆန္ဒကို 
တရားသဖြင့်ခုခံနေကြပါသော ကျေးလက်တို့ကို ရမ်းကားစွာ အဓမ္မဖိနှိပ်ကြောင်းကို၎င်းပြောကြရာ 
၎င်းတို့သည်သိမ်ငယ်သော အနှောင့်အယှက်မျှသာဖြစ်ပြီး သက်ဦးဆံပိုင် အာဏာရှင်ကို 
လူတစ်တယောက်လောက်သာ နိုးကြားရုံနှင့်ခုခံတော်လှန်၍မဖြစ်နိုင်သည့်တိုင်း မြန်မာတမျိုးသားလုံး 
နိုးကြားလာသောနိမိတ်လက္ခဏာကို ထိုမိတ်ဆွေတို့သည် မြင်ကြဟန် မတူကြပါကြောင်း။

No comments:

Post a Comment